သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)ကို တည်ထောင်ခြင်း

သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)ကို သာသနာနှစ် ၂၅၅၃-ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၀-ခုနှစ်၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့၊ ခရစ်နှစ် ၂၀ဝ၉-ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့တွင် သိတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဒေါက်တာအရှင်ဉာဏိဿရက စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။

သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး) တည်နေရာ

သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)သည် သာသနဒါယကာ ဘဝရှင် မင်းတုန်းမင်းတရားကြီး တည်ထောင်ဖန်ဆင်းခဲ့သော ပဉ္စမသင်္ဂါယနာတင်ခဲ့ရာ သာသနာ့အောင်မြေ ရတနာပုံမန္တလေးမြို့တော်ကြီး၏ မြောက်ဖက်၊ မန္တလေးတောင်တော်၏ အနောက်တောင်ဖက် မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်ဖြစ်သော ဘုရား၊ တံဆောင်း၊ ဇရပ်၊ ကျောင်း၊ ပြသာဒ် ဓမ္မစေတီတို့ဖြင့် တန်ဆာဆင်ထားအပ်သော မင်းကောင်းမှုတော်တို့အလယ် တောင်တော်ခါးပန်းဝယ် တင့်တယ်ဝင့်ထယ်စွာ နေရာယူထားသည်။

သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး) ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်

ဒေါသ အာဃာတတရားတိို့ လွှမ်းမိုးသော ကမ္ဘာ့လောက၌ မေတ္တာတရားထွန်းကားစေရန်အလို့ငှာလည်းကောင်း၊ ဝိဟိ ံသတရား ထွန်းကားနေသောကမ္ဘာလောက ကရုဏာတရား ထွန်းကားပြန့်ပွားစေရန်လည်းကောင်း၊ အသဒ္ဓမ္မနှင့် အသဒ္ဓမ္မဝါဒီတို့ အားကောင်းလာသော ကမ္ဘာ အသဒ္ဓမ္မနှင့် အသဒ္ဓမ္မဝါဒီတို့ကို တွန်းလှန်ကာကွယ်ရန် အလို့ငှာလည်းကောင်း၊ သဒ္ဓမ္မနှင့် သဒ္ဓမ္မဝါဒီတို့ အားနည်းသော ကမ္ဘာအလယ် သဒ္ဓမ္မတရား ထွန်းကားရန်နှင့် သဒ္ဓမ္မဝါဒီများ အားကောင်းစေရန်အလို့ငှာလည်းကောင်း၊ ဤသီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)ကို တည်ထောင်ဖွင့်လှစ်ရခြင်း ဖြစ်ပေသည်။

သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး) ကျောင်းအုပ်ဆရာတော်

ဒေါက်တာအရှင်ဝေဠုရိယဉာဏာလင်္ကာရက တက္ကသိုလ်ကျောင်းအုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး) အလှူရှင်ကျောင်းဒါယကာ ဒါယိကာများ

သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)ကို မန္တလေးမြို့၊ ၂၉-လမ်း၊ ဝါးတန်းရပ်၊ ဦးအေးမောင်+ဒေါ်လှမေနှင့် သားသမီးများက ဆောက်လုပ်ခဲ့ကြသည်။ မြန်မာနှစ် ၁၃၅၁-ခု၊ ခရစ်နှစ် ၁၉၈၉-ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၇၁-ခုနှစ်၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ သီတဂူဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော်ကြီးအား ရေစက်သွန်းချ လှူဒါန်းခဲ့သည်။